အတိတ်မျက်ဝန်း

Monday, June 22, 2009

အမေပြောပြောနေတဲ့ဂေဟာကြီးပါလား အတော်လှတယ် အပြင်ကကြည့်လျှင်တော့ အိမ်က သိပ်တော့စိတ်မ၀င်စားလှ အိမ်ထဲဝင်ကြည့်တော့မှ ပန်းချီကားတေ၊ွ ပန်းပုရုပ်ထုတွေပြည့်နေသည်။ နံရံပေါ်မှာတော့ မိသားစုဓါတ်ပုံတွေ၊ ဘွဲအမျိုးမျိုးကိုယူ၍ ၇ိုက်ထားသော ကျက်သရေရှိ အမျိုးသမီးတစ်ယောက်ပုံ။ အမေ ပြောပြောနေတဲ့ သူ့သူငယ်ချင်းဆိုတာပင်ဖြစ်မည်။ တအိမ်လုံးမှာသန့်ရှင်းနေသည် အိမ်အပြင်အဆင်ကလှသည်။
တရုတ်ပန်းအိုးကြီးများမှာသူ့နေရာနှင့်သူနေရာယူနေသည်။သန့်ပြန့်သန့်ရှင်းနေတာကိုတော့ အလွန်နှစ်သက်မိသည်။

ဧည့်ခန်းမရဲ့ တစ်နေရာမှာတော့ ဖိနပ်ဆင်နှစ်ခု စိတ်ဝင်စားသွားသည်။ အိမ်ကြီးမှာ အလွန်သန့်ရှင်းနေသည် တိတ်ဆိတ်နေသည်။ ကလေးတစ်ယောက်မှ ရှိပုံမရပေမဲ့ ကလေးဖိနပ်ကလေးတွေကိုတန်းစီနေအောင်ထားထားသော နေရာကိုစိတ်ဝင်စားမိသည်။ အမေပြောတော့ ဒီအန်တီက အပျိုကြီးတဲ့ အခုတော့ ကလေးဖိနပ်ကလေးတွေ အရွယ်စုံ ဆိုက်စုံတွေ ကလေးဖိနပ်တွေအကုန်လုံးက အသစ်တွေ တံဆိတ်တွေပင်မခွာထား ဘယ်လိုပါလိမ့်နော်။

လှေကားပေါ်က အမျိုးသမီးတစ်ယောက်ဆင်းလာသည်။ ကျမကိုသေချုာလေးစိုက်ကြည့်ရင်း အမေ့ကိုပြောလိုက်သည်။

”အယ် စောရီး သဇင်ရယ် အိမ်က အမ ကဖုန်းဆက်လို့ လေ အဲဒါဖြေနေတာ။ သမီးလေးပါလာတာကို... အတော်ကြာကြာမျက်တောင်မခတ်ဘဲကျမကို ကြည့်နေရင်း။ သက်ပြင်းတစ်ချက်ချတာကိုတွေ့လိုက်ရသည်။

“ ငြမ်းရယ် သမီးကို ငြမ်းလိုပညာတတ်ကြီးဖြစ်စေချင်တယ် ။ သမီးက နောင်နှစ်တက္ကသိုလ်တက်တော့မယ်လေ။

“ငြမ်းလို....

“အင်းလေ...

“ငြမ်းတတ်နိုင်တာဆိုဘာမဆို သမီးလေးအတွက် လုပ်ပေးမှာပါ။”

“သဇင် နင်က ကံကောင်းပါတယ်။ ချစ်တဲ့သူနဲ့နေခဲ့ရတယ်။ ချစ်စရာကောင်းတဲ့ သူ့ကိုယ်ပွားသမီးလေးကိုချန်ပေးခဲ့တယ်လေ။

“ငြမ်းရာ အဲလိုတော့မပြောပါနဲ့ဟာ... သဇင်တစ်ကယ် ကိုမသိခဲ့တာပါ။

“ ငြမ်း တစ်ယောက်ထဲနေတော့မှာလားဟာ အိမ်ထောင်ပြုပါဦးဟ။
စိတ်ကိုမကောင်းဘူး အစွဲကြီးတဲ့နင့်ကို သဇင် အားမရဘူး။ မေ့သင့်တာမေ့ပေါ့ဟာ။”

“ထားပါလေ ဒေါ်နွဲ့ရှိတယ်လေ။ အဖော်ရှိပါတယ်။”

“အင်းပါလေ။ နင့်နဲ့ငါက ငယ်သူငယ်ချင်းတွေမဖြစ်ခဲ့ပေမဲ့ နားလည်မူအပြည့်ပေးနိုင်ကြတဲ့ သူငယ်ချင်းတွေပါလေနော်။ ငြမ်းကို သဇင် ကိုယ်ချင်းစာပါတယ်။ ဘာဖြစ်နေတယ်ဆိုတာလည်းသိပါတယ်။”

“အင်းပါ ထားလိုက်ပါတော့လေ အတိတ်က အရိပ်တွေ ပြန်ပြင်လို့မရတော့တဲ့ ဇာတ်လမ်းတွေ။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပွားလေး ဒီသမီးလေးကို ပြုစုခွင့်ပေးတာကိုဘဲ ကျေနပ်ပါတယ်။ ငြမ်း သူ့အတွက် ဆက်ပေးဆပ်ချင်သေးတယ်။”
ကဲကဲထမင်းစားပီးမှ ပြန်နော်...”

အဲဒီနေ့က မေးခွန်းတွေအစုံနဲ့အိမ်ပြန်လာသည်။
အိမ်ရောက်တော့ အမေ့ကိုမေးမိတယ်

“အမေ သူ့အိမ်က ကလေးဖိနပ်တွေက ဘာတွေလည်းကလေးမရှိဘူးဆို။”

“အဲဒါလား ငြမ်းက အရမ်းသနားစရာကောင်းတယ်။ သူအရမ်းမျှော်လင့်ခဲ့တဲ့ အိမ်ထောင်ေ၇းက ဖြစ်မလာဘူး။ နောက်တော့ အဲဒီလူက မိန်းမယူတယ် နောက် သမီးလေးမွေးတယ် အဲဒီသမီးလေးအသက်အလိုက် သူက ပစ္စည်းတွေလိုက်ဝယ်ပြီး သူသိမ်းထားတယ်။ အဲဒီကလေးလေး၇ှိရာနေရာတွေကိုသူလိုက်တယ် အဝေးကနေ လိုက်ကြည့်တယ်။ အခု သမီးအရွယ်ရောက်နေရောပေါ့။”

အော်...
ဘာမှ ဆက်မပြောတတ်အောင်ပင်။ အဲလိုအစွဲကြီးတဲ့အမျိုးသမီးကိုတော့ အံ့မခန်းပင်။ အခုလိုခေတ်မှာ အဲလိုအချစ်တွေရှာမရလောက်အောင်ရှားနေကြပါပြီလေ။

“သမီး ကို သူအရမ်းတွေ့ချင်တယ်ဆိုလို့ခေါ်သွားတာ။
သမီးကျောင်းတက်တဲ့တောက်လျှောက် သမီးကိုသူအိမ်မှာနေစေချင်တယ်။”

အမေ့မျက်ဝန်းမှာမျက်ရည်တွေဝဲကနဲတွေ့လိုက်ရတယ်။
ဖတဆိုးသမီးလေးဆိုတဲ့ အမေ့စကားက မပြောဘဲသိနေတယ်။

ကျမ ရင်မှာတော့မေးခွန်းတွေ....
မနှစ်ကဖေဖေဆုံးတယ်။ အမေတစ်ခါမှ မပြောဘူး အခုအဖေဆုံးပြီးခါမှ ဒီအန်တီ့အကြောင်းသိခဲ့ရတယ်။
နောက် ဒီအန်တီအိမ်မှာ သွားနေပြီးကျောင်းတက်ရမယ်တဲ့။ နောက် သမီးကိုသူက သိပ်ချစ်တာတဲ့။