အမှတ်တရနေ့လေး အပိုင်း ( ၆ )

Friday, February 27, 2009

ကောင်းကင်ပြာကြီးရဲ့ အရောင်နဲ့ေ၇ာင်ပြန်ဟပ်ကာ တစ်သွင်သွင်စီးနေသော ချောင်းရေမှာလည်း တစ်ခါတစ်ခါ ပြာလိုက် ဖြူလိုက်နဲ့၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အလွန်သာယာလှသည်။ တောင်စောင်းတစ်လျှောက်မှာလည်း တောပန်းများဝေဆာနေသည်။ တစ်ခါတစ်ခါလေအပင့်မှာ တောပန်းနံ့လေးက သင်းလာသေးသည်။
ဒီနေရာကို နိုးနိုးနှင့်စိုးစိုး ဆိုတဲ့ဆရာမလေးနှစ်ယောက်အလွန်ကြိုက်နှစ်သက်သည်။သူတို့နှစ်ယောက်ရဲ့ စိတ်အပမ်းဖြေရာနေရာလေးပင်။ ရွာထဲမှာရေမ၇ှိလျှင်လည်း ဒီချောင်းထဲမှာရေလာလာချိုးကြသေးသည်။

ကြည်လင်တဲ့ရေအောက်မှာသွားလာနေသောငါးလေးများ၊ ငှက်ကလေးတွေတေးဆိုသံများ၊ ချောင်းရေစီးသံတွေကသာ ပတ်ဝန်းကျင်တစ်ခုလုံးကိုလွမ်းမိုးထားသည်။ ငေးမောလို့မကုန်အောင်ပင် ဖြစ်နေသည်။ စိုးစိုးတစ်ယောက်ဒီနေရာလေးကို သူ့မျက်ဝန်းလေးထဲမှာစွဲနေအောင်ကို နောက်ဆုံးကြည့်ခြင်းများနှင့်ကြည့်နေသည်ပင်လေ။

ဒီနေ့ဒီနေရာဟာ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံရာနေရာလေးပင်။ အရာရာတိုင်းတိတ်ဆိတ်နေသည်။သူတို့စကားများမှာလည်း တိပ်ဆိတ်နေသည်။ နှစ်ယောက်သား ချောင်းဘေးနားမှာဘေးတိုက်ထိုင်ကာ အဝေးတစ်နေရာကိုငေးနေသည်။

အတန်ကြာတိတ်ဆိတ်နေကြပြီး

“နိုးနိုး”
“ဘာလည်း...ပြော....စိုးစိုး“
“ငါ...အိမ်ပြန်တော့မယ်”

“အင်း..”
“ငါရဲ့ အချိန်တွေငါ့ရဲ့ အားတွေကို သူများတွေအတွက်ပေးဆပ်ခဲ့ပြီးပြီ၊ အခုတော့ ငါ့အဖေရဲ့ နောက်ဆုံးအချိန်မှာ ငါရှိနေချင်တယ်။ သူ့ကိုငါ့လက်နဲ့ ပြုစုလိုက်ချင်တယ် သူငယ်ချင်းရာ။ ငါမှား လားဟင်။”

“အင်းပါနင်မမှားပါဘူး.. ငါနားလည်ပါတယ်။”

သက်ပြင်းရှည်တစ်ချောင်းကိုလေးလံစွာဆွဲကာ

“စိုး....ပြန်သင့်တယ်။ ”
“အင်း”....... ဆိုကာနှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“နိုးနိုး ငါလေ နင့်ကိုကျေးဇူးတင်ပါတယ်ဟာ။ ငါ နင့်ဆီကပညာတွေရခဲ့တယ် အခုငါအိမ်ပြန်ရင် ငါ့အဖေနဲ့ အမေကိုငါကောင်းကောင်းပြုစုတတ်ပြီပေါ့ နင့်ဆေးပညာတွေနဲ့ နင့်ရဲ့စေတနာတွေကြောင့်လေ လူမမာတွေလည်းအများကြီးရောဂါတွေသက်သာခဲ့တယ်။ နင်လိုလူနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်လို့မဆုံးပါဘူး။”

“စိုးစိုး..ရာနင်ကအဲလိုပြောတော့ငါပြန်ပြောတော့မယ်နော်။ နင့်ဆီက ငါပညာတွေအများကြီးရခဲ့တယ်။ သူတစ်ပါးအပေါ်မေတ္တာထားတတ်လွန်းခွင့်လွှတ်တတ်လွန်းတဲ့နင့် အကျင့်တွေကတော့ ငါ့ဘ၀အတွက် အံ့မခန်းပါဘဲ။ ငါနောင်တစ်ချိန်ဘာလုပ် မယ်ထင်သလဲ။ ”

“ပြောပါဦး...”

“ငါ မူကြိုကျောင်းဖွင့်မယ်။ ”

“ဟင်”

“ဟုတ်တယ် ငါလေ မင်းဆီကပညာတွေအများကြီးရခဲ့တယ်။ သင်ကြားနည်းပညာတွေလေ။ ငါအရင်ကမင်း အဲလောက်ထိတတ်လိမ့်မယ်မထင်ခဲ့ဘူး။ မင်းရခဲ့တဲ့ဘွဲ့ကိုလည်း အထင်သေးခဲ့တယ်။ မင်းပုံစံကိုလည်း သိပ်အထင်မကြီးခဲ့ဘူးလေ။ နင် ပညာတော်သင်ပြန်ဆိုတာကိုတောင်ငါ အထင်သေးခဲ့တယ်။ အမှန်တရားပါ။ နောက်ပြီး ဟိတ်ဟန်မရှိတာကလည်း ငါ့ရင်ကို တော်တော်လေး ဆွဲဆောင်ခဲ့တယ် ကလေးတွေအပေါ်မှာ စိတ်၇ှည်ခဲ့တာ မပြည့်စုံတဲ့ကလေးတွေကို ပံ့ပိုးခဲ့တာတွေ စိတ်ကိုပြုပြင်ပေးခဲ့တာတွေဟာ ငါ့အတွက် အတုယူစရာပါ ကွာ။
တူတူနေခဲ့ရတဲ့အချိန်တွေကိုပြန်မရနိုင်တော့ဘူးနော်။မင်းနဲ့တူတူဖြတ်သန်းခဲ့တဲ့အချိန်တွေမှာ ငါ သိပ်ပျော်ခဲ့တယ်။ ကံတရားကလည်းနော် ဒို့နှစ်ယောက်ကို ခဏတော့တွေ့ဆုံခွင့်ပေးခဲ့တယ်နော်။ ဒါပေမဲ့ မမေ့နိုင်စရာ ဒို့တစ်တွေရင်ထဲမှာ ထာဝရကျန်ခဲ့တော့မယ်။ ”

“နိုး.. ငါရင်ထဲမှာ ဒီတောင်တန်းကြီးရယ် ဒီချောင်းလေးရယ် ဒီနယ်ကလူတွေရယ် ရိုးသားပြီး အခက်အခဲတွေကြားကကြိုးစားနေတဲ့ ကလေးတွေရယ်....အင်းပေါ့ ....မင်းရယ် ငါ့ရင်ထဲမှာထာဝရသိမ်းထားပါမယ်နော်။”

“အင်းပါ စိုး...မင်းလူတွေအပေါ်မှာတာဝန်ကျေခဲ့သလို မင်းမိဘအပေါ်လည်းမင်းတာဝန်ကျေမယ်ဆိုတာယုံတယ်သူငယ်ချင်း။”
“သွားတော့နော် စိုး။ ငါနှုတ်ဆက်ပါတယ်။ မင်းကျောပြင်ကို ကြည့်ပြီးကျန်နေခဲ့ချင်လို့ပါ။”

အင်းဆိုကာ ဆရာမလေးစိုးစိုးတစ်ယောက်သူသိပ်ချစ်တဲ့ သူငယ်ချင်းနိုးနိုးနဲ့ လှပတဲ့ဒီဒေသလေး၊ ဒီနေရာလေးကို ထာဝရ ကျောခိုင်းလိုက်ပါတော့တယ်။