အမှတ်တရနေ့လေး အပိုင်း ( ၅ )

Tuesday, February 17, 2009

ကျောင်းဆရာမလေးလည်း တစ်မနက်ခင်းလုံးစာသင်ထားတော့ တော်တော်လေးပင်ပန်းနေပြီ။ အဲဒီ လိုမျိုးပင်ပန်းနေချိန်ဆိုလျှင် နာစ်မ လေးက အလိုက်သိလှပါသည်။
စားစရာ သောက်စရာလေးတွေအမြဲစီစဉ်ပေးထားတတ်သည်ပင်။

နေ့လည်ကလေးများကစားချိန်ဆိုလျှင် ဆရာမလေးကိုနားစေပြီး သူကပဲ ကလေးများနှင့်ကစားပေးတတ်သည်။
တစ်ခါတစ်လေလည်း ဆရာမလေးနားတတ်သည် အမြဲတမ်းတော့မဟုတ်။ ဘာကြောင့်လည်းဆိုတော့ ကလေးများကစားနေချိန်ဟာလည်း အရေးကြီးသော အချိန်တစ်ခုပင်လေ။

သူကြိုးစား၍ ကလေးများကစားနေချိန်လေးတွေမှာ ကလေးတွေနှင့်အတူကစားပေးတတ်သည်။
ဤအချိန်တွင် သူတို့လေးတွေရဲ့ စိတ်ကူးစိတ်သမ်းလေးတွေကိုသိရသည်။
သူတို့ဘာတိုင်းကစားသည်။ ဘာလေးတွေစိတ်ဝင်စားတယ် သူတို့ အတွေးလေးတွေဘာတွေရှိသည်ဆိုတာကို လေ့လာလို့ရသည် ဆိုတော့ ဆရာမလေးမှာမောသည်ပန်းသည် ကို အလေးသိပ်မထားဘဲ ကလေးများကစားချိန် ကို လည်း သွားရောက်ကြည့်ရှုပေးသေးသည်။

ဒီနေ့လေးလည်း ဒီလိုပါဘဲ ကလေးများကစားနေသည် ကို လိုက်လံကြည့်ရှုရင်းနှင့် တစ်ခြားကလေးများက ပြေးဆော့ ကစားနေပေမဲ့ဒီကလေးနှစ်ယောက်ကတော့တိုးတိုးလေးတွေပြောပြီးရီလိုက်ကြ ဟိုကိုလက်ညှိုးထိုးလိုက်ပြောလိုက်နဲ့ တော်တော်လေးစိတ်ဝင်စားစရာပင်။

ဆရာမလေးလည်း ဘာတွေပြောနေပါလိမ့်ဆိုက သူတို့နား သွားနားထောင်ကြည့်သည်။
အရမ်းကို အံ့သြသွားသည် နှစ်ယောက်သားပြောနေကြသည်မှာ ကချင်လိုပြောကာ၇ီနေကြသည်။
ဒီ၇ွာမှာလူမျိုးစုံရှိသည် ကချင်။ ချင်း။ ၀။ ဓနု။ ရှမ်း။ အခါ။ လီဇူး။ တော်တော်လေးစုံသည်။ ဒီနယ်မှာ အနေကြာတော့ ဆရာမလေးလည်း ကချင်စကားနဲ့ ချင်းစကားကတော့ တော်တော်လေးတီးမိခေါက်မိရှိသည်လေ။

ဘာလို့အံ့သြရသလည်း ဆိုတော့ ကလေးနှစ်ယောက်မှာ လူမျိုးမတူပါ. တစ်ယောက်ကချင်း တစ်ယောက်က ကချင်ဖြစ်လျှက် သူတို့ သုံးနေသည်မှာ ကချင်စကား။ မျက်စေ့တွေလည်သွားသည်။

ချင်း ကလေးလေးသည် ဆရာမနှင့် ပြောလျှင် အဂ်လိပ်လိုကြိုးစားပြောသည် သူငယ်ချင်းများနှင့်ပြောလျှင် မြန်မာလိုပြောသည်။ အခုတော့ သူက ချင်းဖြစ်လျှက် ကချင်စကားကို တော်တော်လေးတတ်ကျွမ်းစွာပြောနေသည်ပင်လေ။

ဆရာမလေးစဉ်းစားမိသည်မှာ......အော် ကလေးရဲ့ အဖေ ဒါမှ မဟုတ် အမေ က ကချင်ထင်တယ် ဆိုကာ မျက်စေ့လည်လည်နှင့်ထားလိုက်သည်။

ညနေ ကျောင်းဆင်းမိဘများက ကလေးများကို လာကြိုချိန် တွင် ဆရာမလေးလည်း မနေနိုင် စိတ်ဝင်စားလှသဖြင့် မိဘနှစ်ပါးအားမေးလိုက်သည်။

"အော်.. အမ တို့ လင်မယား က ဘယ် သူက ကချင်လည်း" လို့မေးလိုက်တော့ အမေ လုပ်တဲ့လူက "ကျမတို့နှစ်ယောက်စလုံးက ချင်းပါတဲ့ "

ဆရာမ မျက်လုံးပြူးသွားသည်။

"အမ တို့ကလေး ဘယ်လိုလုပ် ကချင်စကားတတ်တာပါလဲရှင်"လို့လည်းမေးရော။
"ကျမတို့မသိဘူး ကျမ တို့အိမ်မှာ ချင်းလိုဘဲပြောတာပါ"

ဘယ်လိုဖြစ်ပါလိမ့်နော်လို့စဉ်းစားနေရင်း...

"အမ သားက သူ့သူငယ်ချင်းနဲ့ စကားပြောနေတာ ကချင်လိုပြောနေတယ်"

"အယ် ဟုတ်လား"
" အော် သိပြီ သူတို့နှစ်ယောက်က အိမ်နီးနားချင်းတွေ နောက် အဲဒီကောင်လေး ကဒီနယ်ကိုရောက်တာ သိပ်မကြာသေးတော့ မြန်မာစကားမတတ်ဘူးလေ ကချင်လိုဘဲတတ်တယ်လေ"

အော် .... ဆရာမလေး သဘောပေါက်လိုက်ပါတော့တယ် ။
"ဟုတ်ကဲ့အမ ကျေးဇူးပါဘဲနော်။"

ကလေးလေး က သူ့သူငယ်ချင်းနှင့် ကစားချင်ဆက်သွယ်ချင်တော့ သူ့သူငယ်ချင်းပြောသောကချင်စကားကိုရအောင်သင်ခဲ့သည်နေမည်။ ဒါမှ သူနဲ့အတူတူကစားနိုင်မည်လေ။
တစ်ခါတစ်ခါကြလျှင်သင်ပေးမှတတ်သည် ဆိုသော အချက် ထက် ပတ်ဝန်းကျင်ကနေသင်ယူသွားကြသည်ဆိုသော အချက်ကိုလေ့လာလိုက်မိသည်။
ငယ်ငယ် ဒီအ၇ွယ်လေးနှစ်က ဘာသာစကားလေးမျိုးကို ကျွမ်းကျင်စွာတတ်မြောက်နေသည်မှာ တော်တော်လေးအံ့သြစရာပင်။
ဒီကလေးဟာ ဘာသာစကားများကိုတတ်ကျွမ်းတတ်မြောက်လွယ်သော ဦးနှောက်အပိုင်း မှာဖွံဖြိုးနေသောကြောင့်ဖြစ်မည်။

ဆရာမလေးလည်း ကောက်ချက်ချလိုက်ပါတယ် ကလေးတွေကိုသင်ပေးနေသည်ထက် သူအပိုင်းမှလည်းဒီကလေးလေးများစီမှလေ့လာစရာတွေ အများကြီးရှိနေသေးပါလားဆိုတဲ့အတွေးနှင့် သူ့လောကလေးတွင် လေ့လာရင်းသင်ယူရင်း လေ့လာစရာမကုန်နိုင်သောလောကကြီးမှာ သူဆက်လက်ရှင်သန်နေဦး တော့မည်ပင်လေ။